Sunday, November 1, 2009

အတ္တပြေးလမ်း

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

အဲဒီည...

မိုးမခြိမ်း လျှပ်မပြက်ပဲ
ကံကြမ္မာ ဂြိုလ်ဆိုးတွေက စာတန်းမထိုးပဲရောက်လာတယ်..

ဖျတ်ခနဲ...ဖျတ်ခနဲပါပဲ
ငါတို့ရဲ့ မီးအိမ်တွေ...ခြေသံတွေအောက်မှာ
မှောင်အတိကျ....

မလွတ်မြောက်နိုင်ဘူး...သေချာတယ်

ဝံပုလွေတွေကိုယ်တိုင် အမဲလိုက်ခံရတဲ့ညမှာ
ဒီသားရဲတွင်းအ၀က ငါတို့မလွတ်မြောက်နိုင်တာ
ရာနှုံးပြည့် သေချာတယ်....

ခေတ်သစ် မာကျူရီမီးရောင်တွေအောက်မှာတော့
ရာစုနှစ်တခုစာမကတောက်ပခဲ့တဲကြယ်တွေလဲကြွေ
ငါတို့ရဲ့ လမင်းလဲ ဝေခဲ့ဘူးပြီ....

နင်းဖြတ်ဖူးခဲ့တဲ လမ်းတလျှောက်
ပြန်သုံးသပ်ကြည့်တော့
အတ္တဆိုတာတွေက ကိုယ့်ကိုကိုယ် လက်ပြန်တုပ်မဲ့
ကြိုးတွေပဲလား...

ပြေးစမ်း
လဲချင်လဲ...ကွဲချင်ကွဲ
အဆုံးစွန် လွတ်မြောက်ခွင့်ပေးလိုက်တော့
ဒီအခန်းကျဉ်းထဲက ငါ့တို့စိတ်တွေက
သြကာသလောက အစွန်းထိရောက်အောင်ပြေးထွက်သွားတယ်

ကဲ ထားပါလေ...
အနိစ္စ ဒုက္ခ အနတ္တတွေနဲ့ ပြည့်နှက်နေတဲ့
သင်္ခါရတရားထဲ စီးမျောနေသူတွေပဲ
ဒီဒဏ်ရာတွေလာက်နဲ့တော့ နေသားကျခဲ့ပြီ....။ ။

Wednesday, May 13, 2009

ရွက်ကြွေ

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

ဒီလိုပဲ...အကြိမ်ကြိမ်
ယုံကြည်မိတဲ့ လှည့်စားချက်တွေလေ...
ဘယ်မျက်ကန်းကများတစ္ဆေကိုကြောက်ဦးမှာလဲ...

ဘယ်နှခါ ဘယ်နှကြိမ် ဘယ်လိုပဲနေပါစေ...
ငါ့အတွက်တော့ နင်ဟာ ကမ္ဘာဦးကတားမြစ်ထားတဲ့သစ်သီးလိုပဲ...
အဆိပ်တွေနဲ့ ချိုမြိန်နေတယ်...

ကိုယ်လိုရာကိုယ်ဆွဲတွေးပြီးပျော်ခဲ့ဘူးတာလဲ
အခါခါ...
မဖြစ်နိုင်တာကိုမှ တမ်းတမ်းတတ
မျှော်လင့်မိတော့လဲ ခံစားချက်ဆိုတာ
တခါတလေ ရှတတနဲ့...

နင့်ကိုချစ်ရတာလေ...
ကမ်းနားမှာပေါက်ရတဲ့ သစ်ပင်လိုပဲ
ဘယ်နေ့ရေစုံမျောမလဲလို့...
ဒီလိုနဲ့မျှော်လင့်တတ်လာလိုက်တာ
ဒဏ်ရာတွေကပဲ ရင့်ရင့်လာတယ်

ငါက နင်အပျင်းပြေ ကစားတဲ့အရုပ်တစ်ရုပ်
ငါ ကိုယ်တိုင်ကလဲ ထားရာနေစေရာသွားဆိုတော့
လေလွင့်ရမဲ့ သစ်ရွက်တစ်ရွက်လို နင်မခြွေခင်ကတည်းက
ငါကြွေလွင့်ပါ့မယ်...
ကံကြမ္မာလေအလွင့်နဲ့အတူနင်နဲ့ဝေးရာကို...
အ...ဝေး...ဆုံး... ကို...ပေါ့....

စတေးခံအလင်း

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

လင်းတလှည့်..မှိန်တလှည့်
မျှော်လင့်ချက်တွေလေ...
ငါ့လို အရောင်ဖျော့တော့တော့ ကောင်ရဲ့
ကမ်းပါးကိုမှ လာလာတိုက်စားလိုက်တာများ
ဘ၀တွေကတောင် ပဲ့ပဲ့ကျလို့...

ကောင်မလေးရေ...
နင့်အတွက်တော့ ကြည်လို့ကောင်းမဲ့
ခပ်လွင့်လွင့် ပန်းချီကားတချပ်လိုပါပဲ...
ဒီလို ခြောက်ကပ်ကပ်ဘ၀ဟာ...

တကယ်တော့လဲ မဆန်းကြယ်ပါဘူးလေ
ကန္တာရဆန်တဲ့ ပက်ကြားအက်လိုလူမှာ
ဘယ်မုတ်သုန်မိုးမှ ရွာသွန်းခွင့်မရှိဘူးဆိုတာက
ကမ္ဘာဦးထဲက ချမှတ်ထားခဲ့တဲ့
ငြင်းပယ်ခွင့် မရှိတဲ့ ဥပဒေလေ...


တခါတလေတော့လဲ
မျှော်လင့်ချက်တွေအတွက်
ကိုယ့်အသွေးအသားတွေကိုပဲ ချချစတေးနေရတဲ့ကောင်
နတ်ဘုရားတွေရဲ့ တားမြစ်ချက်တွေကိုမှ
ဖောက်ဖျက်မိလို့
ကျိန်စာတွေ ဆူးဆူးနေလိုက်တာများ....

ကောင်မလေးရေ...
နင်မပေးနိုင်တဲ့ ရေကြည်တစ်ပေါက်ကိုမှ
မျှော်လင့်မိတဲ့ ငါလေ....
ဒီလိုနဲ့ပဲ ခြောက်ကပ်ကပ်ငါ့ဘ၀ကို
မျှော်လင့်ခြင်းတွေပဲနဲ့ လောင်ကျွမ်းခံလို့
နင့်မှောင်မိုက်မိုက် လမ်းတွေမှာ
ထွန်းညှိပေးခဲ့ပါ့မယ်ကွယ်...
ရောက်ရာအရပ်မှာ လင်းပါစေ....

Saturday, March 14, 2009

Happy Birthday!

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

Sunday, January 11, 2009

11.01.09

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

ရင်ခုန်သံတွေနဲ့ တဖြည်းဖြည်း
ထုဆစ်ခဲ့ရတဲ့ ဘ၀တခု

ုခယောင်းလမ်းတွေအများကြီးတွေ့ကြုံလဲကွယ်
ငါတို့ အိပ်မက်တွေအတွက် ကိုယ့်လက်ကိုခိုင်ခိုင်တွဲထား...
ပျော်ရွှင်စရာတွေတွေ့ကြုံရင် ငါတို့ အတူပျော်ရွှင်လို့
ဝမ်းနည်းစရာဒုက္ခတွေ၊စိတ်ဆင်းရဲမှုတွေကို
ထားခဲ့ကွယ် ခပ်ဝေးဝေးမှာ...

မျှော်လင့်ခြင်းတွေကို အသက်သွင်းလို့
ရင်ဆိုင်မယ် သောကတွေကို...အတူတူ
ပူပင်မှုတွေလဲ မေ့ပျောက်စေမယ်
သံသယတွေလဲကင်းစေ...
ဒီကမ္ဘာမှာ ငါတို့လောက် ရင်ခြင်းရင်းသူ
ဘယ်သူတွေရှိမလဲကွယ်...

ထာဝရရှိနေမယ်...မင်းအတွက်ပါကွယ်
ဘေးကိုလှည့်ကြည့်လိုက်ပါ...
မင်းအရိပ်လို ထပ်တူ
ငါ့ချစ်ခြင်းတွေ ကပ်လျက်လိုက်ပါနေမယ်...

ငါတို့မျှော်လင့်ချက်တွေအရောင်တောက်ပတဲ့နေ့
အဲဒီနေ့တိုင်အောင် ချစ်ခြင်းတွေထွန်းလင်းဖို့
ဒီနေ့ကစပြီး ငါတို့ရင်ခုန်သံတွေကို
ကြိုးညှိကြပါစို့ကွယ်.....

Friday, December 12, 2008

ညနေပျို

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

ဘယ်လိုညနေခင်းပါလဲ ပျို...
ရုတ်ရုတ်သဲသဲ နဲ့ ငါ့ရင်ခုန်သံတွေကတောင်
ထထလက်တယ်..

နွားရိုင်းသွင်းချိန်တဲ့...သူများတွေအတွက်တော့၊
အဲဒီ ညနေခင်းမှာ
ငါ့အတွက် မျှော်လင့်ခြင်းတွေကို
မောင်းမောင်းသွင်းလိုက်တာ...
ယုံကြည်ခြင်းတွေ တထောင်းထောင်းထလို့ပေါ့...

ပျို...
ငါရဲ့ ညနေပျို

မအိပ်စက်ပဲ မက်မက်နေတတ်တဲ့
ငါ့အိပ်မက်တွေအတွက် နင့်ရင်ခွင်
ဘယ်ဘက်ထောင့်မှာ ငါ့ကိုထားပါ ပျို....

မသေချာတဲ့ ရှင်သန်ခြင်းတွေနဲ့
အခါခါ မျှော်လင့်ချက်တွေအတွက် နင့်ရင်ခွင်
ဘယ်ဘက်ထောင့်မှာ ငါ့ကိုထားပါ ပျို....

သေချာတဲ့ချစ်ခြင်းတွေနဲ့ အခါခါ
အထပ်ထပ်ရစ်ပတ်လို့ နင့်ရင်ခွင်
ဘယ်ဘက်ထောင့်မှာ ငါ့ကိုထားပါ ပျို....

်ပြန်လာခဲ့ပါ ပျို...
ကြင်နာခြင်းတွေနဲ့ငါတို့ရဲ့
အမှတ်တရ ကားမှတ်တိုင်လေးဆီ
နင်ပြန်လာပါ ပျို...
ညနေတိုင်း လမ်းလျှောက်တတ်တဲ့
တောင်ကုန်းလေးဆီ
နင်ပြန်လာပါ ပျို...
နွေးထွေးစွာကမ်းလင့်ထားတဲ့ ငါ့လက်တဖက်ကိုဆုပ်ကိုင်လို့
နာကျင်ချိန်တိုင်း ငါ့ပခုံးစွန်းကို မှီခိုဖို့
နင်ပြန်လာပါ ပျို...

ဒီလိုညနေခင်းတိုင်းလေ...
နှင်းဆီရောင်နှုတ်ခမ်းတွေကို
တမ်းတရင်း နင်ပြန်လာမယ့်လမ်းကိုမျှော်ငေးရတာ
ငါ့လွမ်းရက်တွေတောင် ပိုဝေးလာတတ်လို့

ပြန်လာခဲ့ပါတော့...ပျို

Wednesday, December 10, 2008

နင့်ရဲ့ကြယ်

Posted by ပလူးတာရဲ့အရူးလွယ်အိတ်

အရာရာမသေချာတဲ့ လောကကြီးမှာမှ
ငါတို့တွေဆုံခဲ့ခြင်းဟာ
ဘယ်လောက်ထိသေချာခဲ့ပါသလဲ...

တစ်ပါးသူအတွက်အမြဲတမ်းလတ်ဆတ်နေတဲ့
နင်ရင်ခုန်သံတွေလေ
ငါ့အတွက် ခဏတဖြုတ်လောက်ရမိခဲ့ရင်ပဲ
ဒီဖြစ်လွယ်ပျက်လွယ်သဘောတရားတွေထဲ
ငါဟာ ပျော်ဝင်မိမှာပါ...

နင်ဟာ ငါရဲ့ ကောင်းကင်
ငါကတော့ နင့်ကောင်းကင်ရဲ့
ထောင့်တထောင့်မှာမှ မပွင့်တပွင့်
လင်းရတဲ့ကြယ်
အခန့်မသင့်လို့ ကြွေကြရရင်တောင်မှ
နင့်အတွက် လင်းလက်ခဲ့ချင်သေးတယ်ကွယ်...

နေရာရခဲ့ပေမဲ့ မပိုင်ဆိုင်ခဲ့ရတဲ့
ကောင်းကင်ရေ...
နင်မသိလိုက်တဲ့ နင့်ကောင်းကင်တနေရာ
ငါဆိုတဲ့ ကြယ်လေးတလုံး
အသွေးအသားတွေ ထုတ်သုံးလို့
အစွမ်းကုန်လင်းနေတယ်ဆိုတာကို
နင်ရဲ့လမိုက်ညတွေမှာ နင်သတိထားမိပါစေ...

သတိထားမိတဲ့ အဲဒီအခိုက်အတန့်လေ
ငါ့ဘ၀ကို ငါကျေနပ်လို့
ပေးဆပ်ခြင်းများစွာနဲ့ပဲ
ငါလေ....လျော့လျော့ ရဲရဲ ကြွေပါရစေ။
လျော့လျော့ ရဲရဲ ကြွေပါရစေ။
နင် ငါ့အတွက်မငိုပါနဲ့....

ရွှင်လန်းချမ်းမြေ့ကြပါစေ...